အာလူးထမင်းဝါ သက်သက်လွတ်


အာလူးထမင်းဝါ သက်သက်လွတ်လေး လုပ်စားတာပါ ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အဟာရပြည့်တဲ့ အစားအစာ တစ်ခုပါနော် ။ ဆိုင်မှာစားရင် ဈေးကြီးပေးပြီး စားရပေမယ့် တကယ်တော့ ပါဝင် ပစ္စည်း အနည်းငယ်နဲ့ လွယ်လွယ်ကူကူ အိမ်မှာ လုပ်စားလို့ ရပါတယ် ။ တစ်အိမ်လုံးစာ အတွက် လုပ်ရင်တောင် အချိန် ခဏလေး အတွင်း လုပ်နိုင်ပါတယ် ။ တခြားလုပ်နည်းတွေ ရှိပေမယ့် အခု ဖော်ပြထားတာကတော့ အလွယ်ကူဆုံး အိမ်မှာ လုပ်စားနေကျ နည်းလေးပါ ။
ပါဝင်ပစ္စည်းများ

ရှမ်းဆန် (သို့) ပေါ်ဆန်းမွှေး - ၂လုံး ( နို့ဆီဗူး)
အာလူး - ၂၀ ကျပ်သား
နနွင်း - အနညးငယ်
ဆား - လိုအပ်သလို
ဆီ - အနည်းငယ်
ကြက်သွန်ဖြူ - အနည်းငယ် (အ၀ိုင်းပါးပါးလှီးထားပါ )
မြေပဲကြော် - အနည်းငယ်
ဂျူးမြစ် - စားနိုင်သလောက်
နံနံပင် - ၃ပင်
ငရုတ်သီးကြော် - စားနိုင်သလောက်

ပြင်ဆင်ပြုလုပ်နည်း

ဆန်ဆေး၍ ချက်ပါ ။ ဂျူးမြစ် နှင့် နံနံပင်ကို လည် ဆေးကြောသန့်စင်ထားပါ ။
အာလူးကို အခွံနွှာဆေးကြောသန့်စင်ပြီး ရေနွေးပွက်ပွက်ဆူတွင် ပြုတ်ပါ ။ ဆားထည့်ပါ ။ နနွင်းအနည်းငယ်ထည့်ပါ ။ အာလူးများကျက်လျှင် ရေစစ်ထားပါ ။
ထို့နောက် ဆီအနည်းငယ်ထည့်ကာ ကြက်သွန်ဖြူ ကို ဆီသတ်ပါ ။ နနွင်းထည့်ပါ ။ အာလူးများထည့်ပါ ။
ထမင်းကျက်လျှင် အာလူးများနှင့် ရောမွှေ၍ ကြေညက်အောင်ရောချေပါ ။ ဆားအရသာ လိုသလိုထည့်ပါ ။
ပြီးလျင် ကြိုက်နှစ်သက်သလို ပုံဖော်ကာ ကြက်သွန်ဖြူဆီချက် ဖြူး၍ မြေပဲကြော် ၊ ဂျူးမြစ် ၊နံနံပင် ၊ ငရုတ်သီးကြော်တို့နှင့် တွဲဖက်၍ စားနိုင်ပါပီ ။

မှတ်ချက်။ ။ အာလူးကောင်းရင် အရသာရှိလို့ ထမင်းထဲကို အချိုအရသာ သိပ်ထည့်စရာမလိုပါဘူးနော် ။

Winmay's Food House


No comments:

Post a Comment