မော်လမြိုင် မုန့်ဟင်းခါး






















ဟင်းရည်အတွက် မုန့်ဖတ် ၁ ပိသာကို ငါး ၃၀ သားသုံးပါတယ်။ အခုချက်ထားတာတော့ မုန့်ဖတ် ၅၀ သား ကို ငါး ၂၀ သားသုံးထားပါတယ်။
ငါးကတော့ အိမ်မှာဆိုရင် ငါးရံ့ ငါးခူး ငါးရွှေ ငါးတံခွန် တွေသုံးပါတယ်။

စင်အောင်ရေဆေးထားတဲ့ငါးအကောင်လိုက်ကို ဆနွင်းနဲနဲ ငပိ (ကွမ်းသီးလုံးခန့်) ငံပြာရည် အရသာမှုန့် စပါးလင် ဂျင်း တို့နဲ့နယ်ပြီး ရေ လီတာဝက်ခန့် ပြုတ်လိုက်ပါ။

ပြုတ်ထားတဲ့ငါးကို အအေးခံပြီးတော့ အသားနွှင်ပေးပါ။ အရိုးများကိုတော့ ရေနှစ်ထပ်လောက်ဆေးပြီး ခုနက ချက်ထားတဲ့ ငါးပြုတ်ရည်ထဲ ရောထည့်လိုက်ပါ။

ကြက်သွန်နီ အလုံးသေးရင် အလုံးလိုက် ၂၀လုံးခန့် ။ အလုံးကြီးရင်တော့ ၁၀ လုံးခန့်ကို လေးစိတ်ခွဲထားပါ။

ငှက်ပျောပင် ကိုပါးပါးလှီးပြီး အရောင် မမည်းသွားအောင် ရေထဲမှာ ဆနွင်းအနည်းငယ်ထဲ့ပြီးစိမ်ထားပါ။

ဒယ်အိုးထဲကို ဆီအနည်းငယ်ထဲ့ပြီး ဆီပူလာရင် ဆနွှင်းဆီသတ် အသားနွှင်ထားတဲ့ငါးကိုထည့်ပြီးဆီသတ်ပါ။ ၂ မိနစ်လောက်မွှေလိုက်ရင်ရပါပြီ။ နောက်ပြီး ကြက်သွန်နီထည့် ငါးပြုတ်ရည်ထည့်ပြီး လှီးထားတဲ့ ငှက်ပျောပင်တွေကို ဆနွှင်းနံ့ပျောက်အောင် ရေ ၂ ခါလောက်ဆေးပြီးအိုးထဲ ထည့်လိုက်ပါ။ ရေ ၁ လီတာခွဲလောက်ထည့်ပါ။ အပေါ့အငံအတွက် ငံပြာရည် ထဲ့ပေးပါ။
ဟင်းရည်ပျစ်ပျစ်လိုချင်ရင်တော့ ရွှေကြည်လှော်မှုန့် (သို့) မြေပဲဆံထောင်းထဲ့ပါတယ်။ ဒါပေမဲ့ ဆိုင်တွေမှာပဲ ထည့်ကြတာများပါတယ်။ အိမ်ချက်ဆိုရင်တော့ လုံးဝ မထည့်ကြပါဘူး။

မုန့်ဟင်းခါးနဲ့တွဲစားဖို့ ပဲကပ်ကြော်၊ နံနံပင်၊ ပူစီနံ၊ ရှမ်းနံနံ၊ ပဲတောင့် (ပဲသီး)၊ ပဲတီပင်ပေါက်တို့နဲ့ စားကြပါတယ်။

ပုံထဲမှာတော့ ရှမ်းနံနံ နဲ့ ပူစီနံထည့်ထားပါတယ်။ ဒီညနေပဲ ချက်ထားတဲ့ မုန့်ဟင်းခါးပါ။ သုံးဆောင်ကြပါအုံး


မွန်မ လက်ရာ စားစရာ

No comments:

Post a Comment